ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၂၈) မြတ်ဗုဒ္ဓကို မနာလိုဖြစ်သော ဒေဝဒတ်
Added:2020/8/5 18:29:01 Views:809

အပိုင်း (၂၈)
မြတ်ဗုဒ္ဓကို မနာလိုဖြစ်သော ဒေဝဒတ်


ဒေဝဒတ်သည် သုပ္ပဗုဒ္ဓမင်းကြီးနှင့်မြတ်ဗုဒ္ဓ၏အဒေါ်ဖြစ်သူ မိဖုရားကြီး ပမိတတို့၏ သားဖြစ်၏။ ဒေဝဒတ်၏ နှမတော်သည် ယသော်ဓရာဖြစ်ရာ၊ မြတ်ဗုဒ္ဓနှင့် ဒေဝဒတ်မှာ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်သလို ယောက်ဖတော်လည်း ဖြစ်သည်။ သူသည် အာနန္ဒာအပါအဝင် အခြားသကျမင်းသားနှင့်အတူ မြတ်ဗုဒ္ဓ၏အစောဆုံး တပည့်သာဝအဖြစ် သာသနာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် အရိယာ အဆင့်သို့ မရောက်ခဲ့၊ ထို့ကြောင့် လောကီ တန်ခိုးက္ကဒ္ဓိပါဒ်များအတွက်သာ လုံ့လစိုက်နေခဲ့၏။


ပထမတွင် အရှင်ဒေဝဒတ်၏ရည်မွန်မှုနှင့်တန်ခိုးက္ကဒ္ဓိပါဒ်ကြောင့် ရဟန်းကောင်းတစ်ပါးအဖြစ် ကျော်ကြားခဲ့၏။ နောက်ပိုင်းတွင် လောကီစည်းစိမ်နှင့်ကျော်ကြားမှုအတွက် ဘဝမြင့်လာခဲ့သည်။မကောင်းသော စိတ်နှင့် မြတ်ဗုဒ္ဓအပေါ်မနာလိုစိတ်တိုးပွားလာပြီး မြတ်ဗုဒ္ဓအတွက် အကြီးစားတစ်ကိုယ်တော် ရန်သူဖြစ်လာခဲ့သည်။


တစ်နေ့ ရှင်ဘုရင်များ မင်းညီမင်းသားများ ပါဝင်သော စုံညီစည်းဝေးပွဲကြီးတွင် အရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓထံ ချဉ်းကပ်ပြီး သူ့ကို သံဃာအဖွဲ့အစည်း၏အကြီးအကဲအဖြစ်ခန့်အပ်ရန် တောင်းဆိုခဲ့လေသည်။ စွမ်းဆောင်ရည် မရှိမှုနှင့်မထိုက်တန်မှုကြောင့် သူ၏တောင်းဆိုမှုကို မြတ်ဗုဒ္ဓက ပယ်ချတော်မူခဲ့သည်။ အရှင် ဒေဝဒတ်သည် အလွန်စိတ်ဆိုးသွားပြီး ဒီအတွက် မြတ်ဗုဒ္ဓကို ကလဲ့စားချေရန် သန္နိဌာန်ချခဲ့လေ၏။


အရှင်ဒေဝဒတ်သည် ရဟန်းဆိုးတစ်ပါးဖြစ်သော်လည်း သူ့ကို ကြည်ညိုသူများနှင့် နောက်လိုက်သာဝကများ ရှိခဲ့၏။ ထိုအထဲမှ တစ်ဦးသည် အဇာတသတ်မင်းသားဖြစ်ပြီး အရှင်ဒေဝဒတ်က အမျက်ဒေါသထွက်ရခြင်း အကြောင်းနှင့် ကလဲ့စားချေမည့် အစီအစဉ်ကို အဇာတသတ်နှင့် ဆွေးနွေးတိုင်ခဲ့၏။ အဇာတသတ်၏ဖခင်လည်းဖြစ် ပြိုင်ဘက်လည်းဖြစ်သူ ဗိမ္ဗိသာရမင်းကြီးနှင့်အရှင်ဒေဝဒတ်၏ရန်သူ မြတ်ဗုဒ္ဓကို သတ်ရန် နှစ်ဦးပူးပေါင်း စီစဉ်ခဲ့ကြသည်။ အဇာတသတ်က ဖခင်ကို အောင်မြင်စွာသတ်နိုင်ခဲ့သော်လည်း အရှင်ဒေဝဒတ်၏ မြတ်ဗုဒ္ဓကို သတ်ရန် အစီအစဉ်မှာ မအောင်မြင် ဖြစ်သွားခဲ့သည်။


မြတ်ဗုဒ္ဓကို သတ်ရန် ပထမအားထုတ်မှုမှာ လူသတ်သမားတစ်ဦးကို သတ်ခိုင်းရန် ငှားရမ်းခဲ့ခြင်းဖြစ်၏။ အစီအစဉ်အရ ထိုလူသတ်သမားကို အခြားနှစ်ဦးက ပြန်သတ်ပြီး ထိုနှစ်ဦးကို လေးဦးက ပြန်သတ်ရန်ဖြစ်၏။ နောက်ဆုံးလေးဦးကို အခြားလူရှစ်ဦး ပြန်သတ်မည်ဖြစ်သည်။


သို့သော် ပထမလူသတ်သမား မြတ်ဗုဒ္ဓအနီးသို့ ချဉ်းကပ်သွားစဉ်၊ အလိုလို ကြောက်လန့်သွားခဲ့၏။ သူသည် လူသတ်လက်နက်များကို ဖယ်ရှားကာ မြတ်ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ခဲ့သည်။ အဆုံးတွင် အဆင့်ဆင့် သတ်ရန် အရှင်ဒေဝဒတ်ငှားရမ်းထားသော လူသတ်များအားလုံး မြတ်ဗုဒ္ဓ၏သာဝကများ ဖြစ်သွားပြီး ယုတ်မာကောက်ကျစ်သော အစီအစဉ် ပျက်သွားခဲ့လေသည်။


ဒီနောက် အရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓကို ကိုယ်တိုင်လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားလေ၏။ မြတ်ဗုဒ္ဓ ဂိဇ္စျကုဋ်တောင်တွင် စင်္ကြံလျှောက်နေစဉ်၊ အရှင်ဒေဝဒတ်သည် တောင်ထိပ်သို့ တက်ရောက်ပြီး ကျောက်တုံးကြီးကို မြတ်ဗုဒ္ဓထံ ပစ်ချလိုက်၏။ လမ်းတစ်လျှောက်မှ အခြားကျောက်တုံးများကို ထိမှန်ပြီး အပိုင်းအစ ပဲ့ထွက်သွားပြီး မြတ်ဗုဒ္ဓ၏ခြေတော်ကို ထိခိုက်ကာ သွေးများ ပန်းထွက်စေခဲ့၏။ မြတ်ဗုဒ္ဓသည် အပေါ်သို့ မော်ကြည့်လိုက်ပြီး အရှင်ဒေဝဒတ်ကို မြင်တွေ့ကာ “လူမိုက်တစ်ယောက်ပဲ ငါဘုရားကို ထိခိုက်အောင် ဒုစရိုက်အများအပြားကို လုပ်ဆောင်ပေတယ်” ဟု သနားစိတ်ဖြင့်မှတ်ချက်ချတော်မူခဲ့သည်။


မြတ်ဗုဒ္ဓကို သတ်ရန် အရှင်ဒေဝဒတ်၏တတိယမြောက် ကြိုးပမ်းချက်မှာ ကြမ်းတမ်းရက်စက်သော နဠာဂီရိ (ခေါ်) လူသတ်ကောင်ဆင်ကို အရက်မူးအောင်တိုက်ခဲ့၏။ နာဠာဂီရိသည် အဝေးမှ ကြွလာနေသော မြတ်ဗုဒ္ဓကိုမြင်သောအခါ နားရွက်၊အမြီးနှာမောင်းများကိုမြှောက်ပြီး တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်လေသည်။ နာဠာဂီရိဆင် အနီးအနားရောက်လာစဉ် မြတ်ဗုဒ္ဓသည် ၄င်းထံ မေတ္တာရောင်ခြည် ပို့ပေးလွှတ်လိုက်၏။ မြတ်ဗုဒ္ဓထံ နာဠာဂီရိရောက်လာချိန်တွင် မြတ်ဗုဒ္ဓ၏မေတ္တာတော်သည် အလွန်ကျယ်ပြော နက်ရှိုင်းလာပြီး ၄င်းကို ရပ်တန့်သွားစေခဲ့၏။ ဒီနောက် ငြိမ်သက်သွားပြီး မြတ်ဗုဒ္ဓရှေ့တွင် လာရပ်နေခဲ့သည်။


ထို့နောက် မြတ်ဗုဒ္ဓသည် နာဠာဂီရိ၏နှာမောင်းကို ပွတ်သပ်ပေးကာ ညင်ညင်သာသာ မိန့်တော်မူလိုက်၏။ ဆင်သည် မြတ်ဗုဒ္ဓ၏ခြေတော်မှ ဖုန်မှုန့်များကို နှာမောင်းဖြင့် ရိုရိုသေသေ ဖယ်ရှားပေးပြီး ၄င်း၏ ဦးခေါင်းပေါ်သို့ ဖြန့်ကျဲခဲ့၏။ ပြီးနောက် မြတ်ဗုဒ္ဓကို ဦးတိုက်ကာ အလွန်ငြိမ်သက်စွာ ဆုတ်ခွာသွားခဲ့သည်။ နောင်တွင် လုံးလုံးယဉ်ပါး သွားခဲ့လေသည်။ ပုံမှန်အားဖြင့် ဆင်များကို ကြာပွတ်များ လက်နက်များဖြင့် ယဉ်ပါးအောင် လုပ်ဆောင်ရ၏။ သို့သော် မြတ်ဗုဒ္ဓက မိမိ၏ မေတ္တာဓါတ်အစွမ်းဖြင့် ယဉ်ပါးစေခဲ့၏။


သံဃာခေါင်းဆောင်ဖြစ်ရန် ဆက်လက်ကြိုးစားနေသော အရှင်ဒေဝဒတ်သည် အခြားမရိုးမသားသော အစီအစဉ်တစ်ရပ်ကို ကြိုးစားပြန်လေ၏။ လှည့်ဖြားခံရသော ရဟန်းတော် အပါး (၅၀၀) ၏ အကူအညီဖြင့် သံဃာအဖွဲ့အစည်းကို နှစ်ဖွဲ့ကွဲအောင် စီစဉ်ခဲ့၏။ ရဟန်းတော်များ မဖြစ်မနေ လိုက်နာရန် အပိုစည်းမျဉ်း (၅) ချက် ချမှတ်ပေးဖို့တောင်းဆိုခဲ့သည်။


(၁) တစ်သက်လုံး တောထဲမှာသာ သီတင်းသုံးနေထိုင်ရမည်။
(၂) ဆွမ်းခံရသော အစားအစာဖြင့်သာ ရပ်တည်ရမည်။
(၃) ပံ့သကူသင်္ကန်းကိုသာ ဝတ်ရုံရမည်။(စွန့်ပစ်အမှိုက်ပုံများနှင့်သုသာန်များမှ ကောက်ယူရရှိသော အဝတ်စုတ်ကို ချုပ်ထားသည့် သင်္ကန်းကိုသာ ဝတ်ရုံရမည်)
(၄) သစ်ပင်ခြေရင်းမှာသာ သီတင်းသုံးရမည်။
(၅) အသားငါးစားသုံးခြင်းကို ရှောင်ကြဉ်ရမည်။


အရှင်ဒေဝဒတ်သည် ဤတောင်းဆိုချက်ကို မြတ်ဗုဒ္ဓငြင်းပယ်မည်ဆိုတာ ကောင်းကောင်းသိမြင်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓက စည်းမျဉ်းငါးချက်ကို လက်မခံသောအခါ အရှင်ဒေဝဒတ်မှာ အကျေနပ်ကြီး ကျေနပ်သွားခဲ့ပြီး ထောက်ခံသူများ နောက်လိုက်များရရန် ဤအချက်ကို အသုံးချလေ၏။ တရားတော်ကို ကောင်းစွာ နားမလည်သေးသော ရဟန်းအသစ်များသည် မြတ်ဗုဒ္ဓထံမှ စွန့်ခွာသွားပြီး အရှင်ဒေဝဒတ်ကို ဆရာတင်ခဲ့ကြ၏။ နောက်ဆုံးတွင် ၄င်းတိုကို အရှင် သာရိပုတ္တရာနှင့်အရှင် မဟာမောဂ္ဂလာန်က တရားတော်များ ရှင်းလင်းဟောပြခဲ့ရာ မြတ်ဗုဒ္ဓထံ ပြန်ကြွလာခဲ့ကြလေသည်။


ယင်းကိစ္စရပ် ဖြစ်ပွားပြီးနောက် အရှင်ဒေဝဒတ်ထံ အကုသိုလ်ဝင်သောကာလများ ရောက်ရှိလာခဲ့၏။ စီမံကိန်းများ ပျက်ပြားမှုအတွက် စိတ်မကောင်းကြီးစွာ ခံစားရလေသည်။ ပျံလွန်တော်မမူခင် သူ၏လုပ်ရပ်အတွက် အမှန်အကန်နောင်တရလာပြီး မြတ်ဗုဒ္ဓကို ဖူးမြင်ရန် ဆန္ဒဖြစ်ပေါ်ခဲ့၏။ သို့သော် သူ၏မကောင်းမှုအကုသိုလ်ကံဆိုးကျိုးများ အကျိုးပေးချိန်ရောက်ကာ မြတ်ဗုဒ္ဓကို ဖူးမြင်ခွင့်မှ တားဆီးပါတော့သည်။ မြတ်ဗုဒ္ဓကို ဖူးမြော်ရန် သွားရောက်သည့် လမ်းခုလတ် ဇေတဝန်ကျောင်းတော်အနီးရှိ ရေကန်ဘေးတွင် မြေမျိုခံရပါတော့သည်။ သို့သော် ပျံလွန်တော်မမူခင် မြတ်ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်သွားနိုင်ခဲ့၏။


ကျူးလွန်သည့်အပြစ်များကြောင့် ဆိုးဝါးသော မဟာအဝီစိတွင် ဆင်းရဲဒုက္ခခံရမည့် ဖြစ်သော်လည်း အစောပိုင်းကာလ သန့်စင်မွန်မြတ်သော အရွယ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ရပ်သည် အရှင်ဒေဝဒတ်ကို ကြာမြင့်စွာ အနာဂတ်တွင် အဌိဿဿရအမည်ရှိ မစ္စေကဗုဒ္ဓဖြစ်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်။ ပစ္စေက ဗုဒ္ဒဘဝဖြင့် ကိုယ်တိုင်ဆက်လက်အားထုတ်ကာ နိဗ္ဗာန်ဝင်စံသွားမည်ဖြစ်သည်။



Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၂၇) ဘာသာတရား ကိုင်းရှိုင်း‌သော ဝိသာ