ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၃၄)မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သော ဇနီးမယား(၇)မျိုး
Added:2020/12/30 16:12:29 Views:537

အပိုင်း (၃၄)
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သော ဇနီးမယား(၇)မျိုး

သုဇာတာအမျိုးသမီးသည် အလွန်ချမ်းသာသော မိသားစုဝင်တစ်ဦး ဖြစ်ပြီး၊ အနာထပိဏ်သူဌေးကြီး၏ သားတစ်ဦးနှင့် လက်ထပ်ခဲ့၏။ သူမသည် စိတ်ကြီးဝင်ကာ အခြားသူများကို လေးစားမှုမရှိ၊ လင်သားဖြစ်သူနှင့် မိဘများ၏ လမ်းညွှန်မှုကိုပင် နားမထောင်ခဲ့။ သူမ စိတ်သဘောထား မကောင်းမှု၏ အကျိုးဆက်အဖြစ် မိသားစုအကြားတွင် နေ့စဥ်ပြဿနာဖြသ်ပေါ်လာခဲ့၏။

တစ်နေ့ အနာထပိဏ်သူဌေးကြီးအိမ်သို့ မြတ်ဗုဒ္ဓ ကြွတော်မူစဥ် ဆူဆူညံညံအသံကိုကြားတော်မူ၍ အကြောင်းကိစ္စကို မေးတော်မူခဲ့၏။ အနာထပိဏ်သူဌေးကြီးက ''အရှင်မြတ်ဘုရား၊ တပည့်တော်၏ ချွေးမ သုဇာတာပါ ဘုရား။သူမသည် ယေက္ခမများနှင့် လင်သား၏ စကားကို နားမထောင်ပါ ဘုရား၊ ရှင်တော်ဘုရားကိုပင် ကြည်ညိုမှု၊ အရိုအသေပေးမှု မရှိပါ'' ဟု ဖြေကြား လျှောက်ထားလေ၏။

မြတ်ဗုဒ္ဓက သုဇာတာကို ခေါ်တော်မူကာ ''သုဇာတာ...လင်သားတစ်ယောက်အတွက် ဇနီးမယား (၇)မျိုးရှိတယ်။ သင် ဘယ်အမျိုးအစားထဲမှာ အကျုံးဝင်လဲ'' ဟု ကြင်ကြင်နာနာ မေးတော်မူ၏။ ''ရှင်တော်မြတ်ဘုရား၊ ဇနီးမယား(၇)မျိုးကို ဘယ်လိုများ ခွဲခြားသတ်မှတ်ပါလဲ ဘုရား'' ဟု သုဇာတာက မေးမြန်းလျှောက်ထား၏။ မြတ်ဗုဒ္ဓက ''သုဇာတာ...ယုတ်ညံ့ပြီး မပေါင်းသင်းအပ်သော ဇနီးမယားများ ရှိတယ်''

ဒုက္ခပေးတတ်သော ဇနီးမယားဆိုတာ ရှိတယ်။ သူမသည် ကောက်ကျစ်တတ်တယ်၊ စိတ်ထားမကောင်း၊ သနားဂရုဏာစိတ်မရှိ၊ လင်သားအပေါ် သစ္စာ မရှိသူမျိုး ဖြစ်တယ်။
ခိုးသူနှင့်တူသော ဇနီးမယားဆိုတာ ရှိတယ်။ သူမသည် လင်သား ရှာဖွေသည့် ငွေကြေးကို ဖြုန်းတီးသူဖြစ်၏။
အရှင်သခင်နှင့်တူသော ဇနီးဆိုတာ ရှိတယ်။ သူမသည် ပျင်းရိသူဖြစ်ပြီး၊ သူ့အတွက်ကိုသာ ကြည့်တတ်တယ်။ ကြမ်းကြုတ်ပြီး၊ သနားကြင်နာစိတ် ကင်းမဲ့တယ်။ အမြဲတမ်း လင်သားကို ဆူပူတယ်၊ ဒါမှမဟုတ် အပြစ်ပြောတယ်။
သုဇာတာ...ကောင်းမွန်ပြီး ချီးမွမ်းထိုက်သော ဇနီးမယားများလည်း ရှိတယ်။

မိခင်နှင့်တူသော ဇနီးမယားဆိုတာရှိတယ်။သူမသည် ကြင်နာတတ်တယ်။ သနားတတ်တယ်။ လင်သားကို သားတစ်ယောက်လို ပြုစုတယ်၊ သူရှာဖွေသော ငွေကြေးကို ဂရုတစိုက် ထိန်းသိမ်းတယ်။

ညီမနှင့်တူသော ဇနီးမယားဆိုတာ ရှိတယ်။သူမသည် အစ်ကိုဖြစ်သူကို၊ ညီမငယ်တစ်ယောက် ဆက်ဆံသလို၊ လင်သားအပေါ် တရိုတသေ ဆက်ဆံတယ်။ သူမသည် ရိုးရိုးအေးအေးနှင့် လင်သား၏ သဘောဆန္ဒကို နာခံလိုက်လျောတတ်တယ်။
မိတ်ဆွေနှင့်တူသော ဇနီးမယားဆိုတာ ရှိတယ်။သူမသည် လင်သားကိုမြင်သည်နှင့် အချိန်ကြာမြင့်စွာ ကွဲကွာနေခဲ့သော မိတ်ဆွေအပေါင်းအသင်းကို ပြန်တွေ့ရသလို ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ စိတ်ထား မြင့်မြတ်ကောင်းမွန်တယ်။ သစ္စာရှိတယ်။

အိမ်ဖော်နှင့်တူသော ဇနီးမယားဆိုတာလည်း ရှိတယ်။ ချို့ယွင်းချက်များကို ထောက်ပြခံရသည့်အခါ၊ နားလည်မှုအပြည့်ရှိသော ဇနီးတစ်ယောက်ကဲ့သို့ ပြုမူတယ်။ အေးအေးချမ်းချမ်းနေတယ်။ လင်သားက ကြမ်းတမ်းသော စကားလုံးများကို အသုံးပြုသည့်တိုင် ဒေါသ မထွက်တတ်။ လင်သား၏ သဘောဆန္ဒများကို နာခံတတ်တယ်။

မြတ်ဗုဒ္ဓက ''သုဇာတာ၊ သင်က ဘယ်လို ဇနီးမယား အမျိုးအစားလဲ၊ ဒါမှမဟုတ် ဘယ်လို ဇနီးမယားမျိုး ဖြစ်ချင်တာလဲ'' ဟု မေးမြန်းတော်မူ၏။ မြတ်ဗုဒ္ဓ မိန့်ကြားချက်များကို ကြားပြီးသောအခါ၊ သုဇာတာသည် အတိတ်က အပြုအမူအတွက် ရှက်စိတ် ဝင်သွားပြီး ''ယနေ့ကစ ရှေ့လျှောက် ကောင်းကောင်းမွန်မွန်နဲ့ နားလည်မှု အပြည့်ရှိသော ဇနီးမယား ဖြစ်စေရပါမယ် ဘုရား။တပည့်တော်မကို နောက်ဆုံး စံနမူနာပေးတဲ့ ဇနီးမယားအဖြစ် မှတ်ယူတော်မူပါ ရှင်တော်ဘုရား'' ဟု လျှောက်ထားလေ၏။

သုဇာတာသည် သူမ၏ အမူအကျင့်ကို ပြောင်းလဲကာ လင်သားကို အကူအညီပေးသူ ဖြစ်လာခဲ့ပြီး၊ တရားထူးရသည်အထိ လင်မယားနှစ်ယောက်အတူ ကြိုးစားအားထုတ်ခဲ့ကြလေသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၃၃) လူသားစားသော အာဠာဝကဘီလူးကို ချေခ