ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၂၉) အလှမာန်ဝင့်သော ခေမာမိဖုရားကို ချေချွတ်ခန်း
Added:2020/8/12 15:39:51 Views:843

အပိုင်း (၂၉)
အလှမာန်ဝင့်သော ခေမာမိဖုရားကို ချေချွတ်ခန်း


မြတ်ဗုဒ္ဓသည် သံဃာအဖွဲ့အစည်းအတွက် အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်ကို အဂ္ဂမဟာသာဝက နှစ်ပါးအဖြစ် ခန့်အပ်သကဲ့သို့ ဘိက္ခုနီ အဖွဲ့အစည်းအတွက် အဂ္ဂမဟာထေရီနှစ်ပါးလည်း ခန့်အပ်ခဲ့ပါသည်။ ၎င်းတို့မှာ ခေမာထေရီနှင့်ဥပ္ပလဝံထေရီ တို့ဖြစ်ပါသည်။ ခေမာထေရီသည် ဗိမ္ဗိသာရမင်းကြီး၏ ချောမောလှပသော မိဖုရားတစ်ပါးဖြစ်ခဲ့သည်။

ခေမာမိဖုရား ချေချွတ်ခန်းတွင် မြတ်ဗုဒ္ဓသည် သူတစ်ပါး၏ စိတ်နှလုံးအတွင်းအပြောင်းအလဲဖြစ်သွားအောင် ရုပ်လွန်ပညာနှင့်ဆိုင်သော တန်ခိုးဣဒ္ဓိပါဒ်ကို အသုံးပြုတော်မူခဲ့သည့် ရှားရှားပါးပါး ကိစ္စတစ်ရပ် ဖြစ်ပါသည်။။ မြတ်ဗုဒ္ဓသည် သူတစ်ပါး၏စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ရန်၊ တန်ခိုးဣဒ္ဓိပါဒ်ကို ဘယ်အခါမှ အသုံးမပြုခဲ့ပါ၊ သို့သော် သဘောပေါက် နားလည်မှု ဖြစ်ပေါ်စေရန်နှင့်ပညာဉာဏ်ဖွံ့ ဖြိုးလာစေရန်အတွက်မျှသာ အသုံးပြုတော်မူခဲ့ပါသည်။

ခေမာမိဖုရားသည် သန်းခေါင်ယံအချိန် ငြိမ်သက်နေသော ရေကန်အတွင်းမှ ရောင်ပြန်ထင်လာသည့် လပြည့်ဝန်းပမာ အလွန်ချောမောလှပ၏။ သူမ၏ ပါးပြင်နှစ်ဘက်သည် ကြာပန်း၏ ပွင့်ဖတ်လေးများပမာ ချောမွတ်နေပြီး မျက်ဝန်းအစုံသည် ရတနာပစ္စည်းများပမာ တလက်လက် တောက်ပနေ၏။ ရုပ်အဆင်းလှပမှုကို မြတ်ဗုဒ္ဓက ချီးကျူးပြောဆိုခြင်း မရှိခဲ့ကြောင်း သူမကြားသိထားသည့်အတွက် မြတ်ဗုဒ္ဓကို သွားရောက် ဖူးမြင်ရန် ဆန္ဒမရှိခဲ့ပေ။

ခေမာမိဖုရားသည် လေတဖြူးဖြူးနှင့် အေးမြလှသော နံနက်ခင်းတွင် မြတ်ဗုဒ္ဓသီတင်းသုံးရန် ဗိမ္ဗိသာရမင်းကြီး ဆောက်လုပ်လှူဒါန်းထားသော ဝေဠုဝန်ဥယျာဉ်ရှိ ကျောင်းတော်သို့ အလည်သွားရန် ဆုံးဖြတ်ခဲ့၏။ ရှဉ့်ငှက်ကလေးများသည် မြက်ခင်းပြင်ပေါ် ရှည်မျောမျော အရိပ်ထိုးနေသော သီးပင်များထက်တွင် ပြေးလွှားနေကြ၏။ ကန်ရေပြင်ကို ကြာပန်းလေးများက ဖုံးအုပ်ထားပြီး လေထဲတွင် စံပယ်ပန်းရနံ့လေး သင်းပျံ့နေ၏။ တရားဟောခန်းမဆီမှ ထွက်ပေါ်လာသည့် နွေးထွေးကြည်လင်လှသော အသံတစ်ခုက ခေမာမိဖုရားကို ဆွဲဆောင်သွားလေသည်။

ထိုအသံသည် သူမ၏ယခင်ကြားနေကျ အသံမျိုးနှင့်မတူ။ အာရုဏ်တက်ချိန် ကျေးငှက်သာရကာတို့ တေးဆိုနေသည်ထက် ပို၍သာယာ၏။ နွေးနွေးထွေးထွေးရှိပြီး ပင်ပန်းမှုကို ပြေလျှော့စေ၏။ မေတ္တာဓါတ်အပြည့်နှင့် အပူအပင်ကင်းလှ၏။ စကားလုံးများက ပညာသားပါလှ၏။ ပန်းပွင့်၏ဆွဲဆောင်မှုကို ခံရသော ပျားတစ်ကောင်ပမာ၊ခေမာမိဖုရားသည် မြတ်ဗုဒ္ဓ တရားဟောခန်းမဆီသို့ တရွေ့ရွေ့ရွေ့လျားသွားလေသည်။

သူမကို မြတ်ဗုဒ္ဓ မမှတ်မိစေလိုသောကြောင့် ခေါင်းစည်းပဝါကို မျက်နှာပေါ် ဆွဲအုပ်ကာ ခန်းမနောက်နားတွင် ထိုင်လိုက်၏။ မြတ်ဗုဒ္ဓက သူမကိုရော၊ သူမစဉ်းစားနေသည့် အကြောင်းအရာကိုပါ သိနေကြောင်း သူမက မသိခဲ့ပေ။ မြတ်ဗုဒ္ဓသည် တန်ခိုး ဣဒ္ဓိပါဒ်ကိုဖြင့် ဘေးတွင် ရပ်လျက် ယပ်ခတ်ပေးနေသော အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် အလှဆုံးအချောဆုံးမိန်းမငယ်တစ်ဦးကို ဖန်ဆင်းလိုက်၏။ ခေမာမိဖုရားသည် ထိုမိန်းမချောလေးကို တအံ့တသြ ကြည့်ကာ ပင့်သက်ရှိုက်နေပြီး နှစ်ထောင်းအားရဖြင့် မျက်လုံးများလည်နေ၏။

“အို…ကြည့်စမ်း၊ နှာတံလေးက စင်း၊ ပါးစပ်လေးက မကျဉ်းမကျယ်၊ လက်မောင်းလေးတွေ လက်ချောင်းလေးတွေကလည်း သားသားနားနားနဲ့ ပုံစံကျလှ၏။ အသားအရေက ချောချောမွေ့မွေ့နဲ့ နွေဦးမှာ ငွားငွားစွင့်စွင့် ပွင့်နေတဲ့ ပန်းကလေး တစ်ပွင့်လိုပါပဲလား။ ငါမြင်ဘူးတဲ့ သူတွေထက် သာသလို ငါ့ထက်တောင် ပိုလှပါလား ”ဟု သူမစိတ်ထဲတွေးနေခဲ့၏။
ခေမာမိဖုရား တွေးနေစဉ်အခိုက် မိန်းမလှလေးကို မြင်နေရသော မျက်လုံးထဲတွင် လှည့်စားနေသလို ရှိလာခဲ့၏။ မိန်းမချောလေးမှာ အရွယ်ကြီး လာနေသလို မြင်ရပါလား။

အို… တကယ်အသက်ကြီးလာတာပဲ။ ချစ်စရာ ကောင်းလှသူအဖြစ်မှ အလှတွေ ပျက်ပြယ်လာခဲ့၏။ မျက်နှာပေါ်တွင် အတွန့်ကြောင်းများပေါ်လာပြီး ကြာပန်းနှင့်တူသော နှုတ်ခမ်းက အပြုံးမှာ သွား မပါသော ပြုံးဖြဲဖြဲအသွင် ပြောင်းလဲသွား၏။ ဆံပင်မှာ မီးခိုးရောင်ကနေ အဖြူရောင်သို့ပြောင်းသွား၏။
ကျစ်လျစ်သန်မာသော ခြေတံလက်တံများသည် ပိန်ချုံးကာ ချည့်နဲ့သွားပြီး ကြမ်းပြင်ပေါ်လဲကျသွား၏။ မိန်းမငယ်အသွင်မှ အသက်(၈၀) အရွယ် အဖွားကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ အဖွားအို သေဆုံးသွားပြီး အရိုးများအမှုန့်ဖြစ်သည်အထိ ဆွေးမြည့်သွားသည်ကို ခေမာမိဖုရားမြင်တွေ့လိုက်ရသည်။

ထိုအခါ ခေမာမိဖုရားသည် လှပသောရုပ်အဆင်း၏ ဖြစ်မြဲဓမ္မတာအတိုင်း တစ်နေ့ သူမလည်း အိုမင်းကာ သေဆုံးရမည်ဆိုသည်ကို နားလည်လာခဲ့၏။ ခေမာမိဖုရားထံမှ အလှမာန်ဝင့်မှု ကွယ်ပျောက်သွားလေတော့၏။ ပြင်ပအလှအတွက် ဘဝမြင့် မောက်မာမှု အားလုံး ပျောက်ကွယ်ကာ၊ ရုပ်ခန္ဓာနှင့်ဘဝ၏မမြဲသော အနိစ္စ သဘောကို ချက်ချင်းသဘောပေါက်သွားပါတော့သည်။

သူမသည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပြီး ဗိမ္ဗိသာရမင်းကြီးထံမှ ခွင့်ပြုချက် တောင်းခံကာ ဘိက္ခုနီ သံဃာအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့သည်။ သူမ၏ ဝိပဿနာဉာဏ် ရင့်သန်မှုကြောင့် ဘိက္ခုနီသံဃာများအကြားတွင် ထင်ရှားလာခဲ့ပါသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၂၈) မြတ်ဗုဒ္ဓကို မနာလိုဖြစ်သော ဒေဝ