ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၃၅) မြတ်ဗုဒ္ဓကို အလွန်ကြည်ညိုကာ ဂရုတစိုက် အလုပ်အကျွေး ပြုသော အရှင်အာနန္ဒာ
Added:2021/1/21 13:09:31 Views:718

အပိုင်း(၃၅)

မြတ်ဗုဒ္ဓကို အလွန်ကြည်ညိုကာ ဂရုတစိုက် အလုပ်အကျွေး ပြုသော အရှင်အာနန္ဒာ

မြတ်ဗုဒ္ဓ သာသနာပြုလုပ်ငန်း ဆောင်ရွက်သည့် ပထမဝါတော် (၂၀)အတွင်း ပုံမှန် အလုပ်အကျွေးပြုသူ မရှိခဲ့ပါ။ ရဟန်းတော်ပေါင်းများစွာက ဝေယျာဝစ္စ ဆောင်ရွက်ပေးခဲ့ကြပြီး ဆွမ်းခံကြွရာသို့ လိုက်ပါကာ အပိုသင်္ကန်း များနှင့် သပိတမတော်ကို ဆောင်ယူပေးခဲ့ကြသည်။ အလုပ်အကျွေးပြုခဲ့သော ရဟန်းတော်များမှာ အရှင်နာဂသမာလ၊ အရှင်နာဂိတ၊ အရှင်ဥပဝါန၊ အရှင်သုနက္ခတ္တ၊ အရှင်စုန္န၊ အရှင်သာဂတနှင့် အရှင်မေဃိယတို့ ဖြစ်ကြ၏။
ဤရဟန်းတော်များက မြတ်ဗုဒ္ဓ ၏ လမ်းညွှန်ချက်များကို အမြဲနာခံခဲ့ကြသည် မဟုတ်ပေ။ နမူနာအားဖြင့် တစ်နေ့ မြတ်ဗုဒ္ဓ နှင့် အရှင်နာဂသမာလ တို့သည် လမ်းဆုံလမ်းခွသို့ ရောက်ခဲ့ကြစဥ် မြတ်ဗုဒ္ဓက ရှေ့တစ်လမ်းမှ ကြွရန် အကြံပြုသော်လည်း အရှင်နာဂသမာလ သည် တခြားလမ်းမှ သွားရန် ဆုံးဖြတ်ခဲ့လေ၏။
သူသည် ကိုယ်တိုင်ရွေးချယ်သောလမ်းမှ ကြွသွားခဲ့ပြီး ခရီးလမ်းမှ စောင့်ကြို ဓားပြတိုက်သူများ၏ လုယက် ရိုက်နှက်မှု ခံရလေ၏။ မနာခံမှုအတွက် သတိပေး ဆုံးမမှုနှင့် နှစ်သိမ့်မှုခံယူရန် မြတ်ဗုဒ္ဓထံ ပြန်ကြွလာခဲ့၏။
အခြားတစ်နေ့တွင် မြတ်ဗုဒ္ဓ၊ ဇန္တုရွာသို့ ဓမ္မဒူတ ခရီးကြွတော်မူစဥ် အတူလိုက်ပါသူ အရှင်မေဃိယသည် သရက်တောတစ်ခု၌ ခရီးတစ်ထောက် ရပ်နားကာ၊ တရား အားထုတ်လို၏။ မြတ်ဗုဒ္ဓက ၎င်း၏ စိတ်ကူးကို သုံးကြိမ်တိုင်တိုင် ဆန့်ကျင်ကာ သြဝါဒ ပေးတော်မူခဲ့၏။ သို့သော် အရှင်မေဃိယသည် သူ ဆန္ဒရှိသည့်လမ်းသို့ ကြွသွားခဲ့၏။ နောက်ဆုံးတွင် မြတ်ဗုဒ္ဓထံပြန်လာပြီး သရက်တောအတွင်း နေထိုင်ခဲ့သည့် တစ်ချိန်လုံးမကောင်းသော ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသဝိတက်၊ ဝိတက် သုံးမျိုးမှ စိတ်ကို အနှောင့်အယှက် ပေးခဲ့ကြောင်း ဝန်ခံခဲ့ရ၏။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ရောက်သောအခါ မြတ်ဗုဒ္ဓက "ချစ်သား ရဟန်းတို့၊ အခု ငါဘုရား သက်တော်ကြီးရင့်လာပြီ၊ ငါဘုရားက ဤလမ်းကကြွစို့ မိန့်ကြားလျှင် သင်တို့ထဲက တစ်ချို့က အခြားလမ်းက သွားတယ်၊ အချို့က ငါဘုရား၏ သပိတ်သင်္ကန်းကို မြေမှာ ချထားကြတယ်။ ငါဘုရားကို အမြဲ အလုပ်အကျွေးပြုရန် သာဝကတစ်ပါးကို ရွေးချယ်ကြပါ"ဟု မိန့်တော်မူခဲ့၏။ ထိုအချိန်က မြတ်ဗုဒ္ဓ၏ သက်တော်မှာ (၅၅)နှစ်အရွယ် ဖြစ်သည်။
အရှင်သာရိပုတ္တရာ နှင့် အရှင်မဟာမောဂ္ဂလန် နှစ်ပါးလုံးက ဝေယျာဝစ္စဆောင်ရွက်ပေးရန် ဆန္ဒပြုတော်မူခဲ့ကြ၏။ သို့သော် နှစ်ပါးလုံးမှာ လောကသားတို့ အကျိုးနှင့်အခြားအရေးပါသော ဓမ္မဒူတလုပ်ငန်းများဆောင်ရွက်စရာရှိကြသည့်အတွက် မြတ်ဗုဒ္ဓက လက်ခံတော် မမူခဲ့ပါ။ အခြားရဟန်းတော်များ၏ ကမ်းလှမ်းမှုများကိုလည်း ပယ်ချတော်မူခဲ့သည်။
အရှင်အာနန္ဒာက မြတ်ဗုဒ္ဓကိုယ်တော်တိုင် အဆိုပြုလာရန် စောင့်ဆိုင်းရင်း တိတ်ဆိတ်နေသောကြောင့် အခြားရဟန်းတော်များက သူ့ကို ဝေယျာဝစ္စကုသိုလ်ပြုခွင့် တောင်းခံရန်၊ အကြံပြုတိုက်တွန်းခဲ့ကြ၏။ မြတ်ဗုဒ္ဓက " အခြားရဟန်းများက အာနန္ဒာ ကို တိုက်တွန်းဖို့ မလိုအပ်ပါ။ သူ့ကိုယ်ပိုင် ဆန္ဒအလျှောက် ငါ ဘုရားကို အလုပ်အကျွေးပြုပါလိမ့်မယ်" ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓကို ပုံမှန် အလုပ်အကျွေးပြုရန် သဘောတူခဲ့ပြီး ပါယ်လေးပါး၊ယူလေးပါး ဆုရှစ်မျိုးကို ခံစားခွင့် ရရှိလေ၏။
၁။ မြတ်ဗုဒ္ဓ အလှူခံရရှိသော သင်္ကန်းတော်များကို အရှင်အာနန္ဒာကို မပေးစွန့်ရ။
၂။ မြတ်ဗုဒ္ဓ အလှူခံရရှိသော ဆွမ်းခဲဖွယ်များကို အရှင်အာနန္ဒာကို မပေးစွန့်ရ။
၃။ မြတ်ဗုဒ္ဓ ကျိန်းစက်ရာ ဂတ္ဓကုဋီတိုက်တွင်း၌ အရှင်အာနန္ဒာကို သီတင်း မသုံးခိုင်းရ။
၄။ မြတ်ဗုဒ္ဓကို ဆွမ်းစားပင့်ရာသို့ အရှင်အာနန္ဒာကို မလိုက်ပါခိုင်းရ။
၅။ အရှင်အာနန္ဒာ လက်ခံထားသည့် ပင့်ဖိတ်ရာသို့ မြတ်ဗုဒ္ဓမှ ကြွရောက်ချီးမြှင့်တော်မူရမည်။
၆။ အရှင်အာနန္ဒာ ခွင့်ပန်လျှင် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် အရပ်တစ်ပါးမှ ရောက်ရှိလာသူများအား ဖူးမြင်ခွင့် ပေးတော်မူရမည်။
၇။ အရှင်အာနန္ဒာက. သံသယရှိသည်တို့ကို မေးမြန်းလျှောက်ထားလိုလျှင် တိုင်ပင်လျှောက်ထားခွင့် ပြုရမည်။
၈။ အရှင်အာနန္ဒာ၏ မျက်ကွယ်တွင် ဟောကြားတော်မူသော တရားတော်များကို မြတ်ဗုဒ္ဓမှ ပြန်လည်ဟောကြား ချီးမြှင့်ပေးရမည်။
ဤ ဆုရှစ်ပါးကို ဗုဒ္ဓထံမှ လက်ခံတော်မူပြီးနောက်၊ အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓကို ပုံမှန် အလုပ်အကျွေးပြုသူ ဖြစ်လာခဲ့ပြီး (၂၅)နှစ်ထိ ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်။ အရှင်အာနန္ဒာသည် သုဒ္ဓေါဓနမင်းကြီး၏ ညီငယ်မက်းသားတစ်ဦးမှ မွေးဖွားလာသူဖြစ်ရာ မြတ်ဗုဒ္ဓ၏ တစ်ဝမ်းကွဲညီတော်တစ်ပါးဖြစ်သည်။
သူသည် မြတ်ဗုဒ္ဓ သာသနာပြု စတင်သော ဒတိယမြောက်နှစ်တွင် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး၊ အချိန်အတော်ကြာပြီးနောက် အရှင်ပုဏ္ဏမန္တာဏိပုတ္တမထေရ် ဟောကြားသော တရားတော်ကို နာကြားရကာ သောတပန် တည်ခဲ့၏။
မြတ်ဗုဒ္ဓ၏ ကိုယ်လုပ်တော် အလုပ်အကျွေး ပြုလာချိန်မှစ၍ မြတ်ဗုဒ္ဓကို ကြည်ညိုကာ နောက်ဆုံးပရိနိဗ္ဗာန်ပြုချိန်ထိ ဂရုတစိုက် ပြုစုလုပ်ကျွေးခဲ့၏။ နေ့ရောညပါ လုပ်ကျွေးပြုစုပြီး သစ္စာရှိရှိဖြင့် ဘဝကို မြှုပ်နှံထားခဲ့လေသည်။ နမူနာအားဖြင့် ညအချိန် မြတ်ဗုဒ္ဓ ကျိန်စက်မှုကို အနှောင့်အယှက်ပေးခြင်းမှ ကာကွယ်ရန် မြတ်ဗုဒ္ဓ အနားယူရာ ဂန္ဓကုဋီပရိဝုဏ်ကို လှည့်ပတ်ကြည့်ရှုကာ စောင့်ရှောက်ပေးတော်မူခဲ့၏။
တပည့်သာဝကများ၏ အရည်အချင်းကို ထုတ်ဖော်မိန့်ကြားသောအခါ ဗဟုသုတရှိသူ (ဗဟုဿုတ)၊ သတိရှိသူ (သတိမန္တ)၊ ကောင်းစွာ မှတ်သားနိုင်သူ (ဂတိမန္တ)၊ လုံ့လ ဝိရိယရှိသူ (ဓိတိမန္တ)၊ အလုပ်အကျွေးပြုသူ (ဥပဌက) ရဟန်းတော်များတွင် အရှင်အာနန္ဒာသည် အသာဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း မြတ်ဗုဒ္ဓ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုတော်မူခဲ့ပါသည်။
အရှင်အာနန္ဒာသည် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်း တည်ထောင်ရာတွက် များစွာ ပူးပေါင်းပါဝင်ခဲ့သည်။ ဇေတဝန်ကျောင်းအနီးတွင် ယနေ့ထိ ရှင်သန်နေသော အာနန္ဒာ ဗောဓိပင်ကို စိုက်ပျိုးခဲ့သူဟုလည်း အများက လက်ခံ အသိအမှတ်ပြုထားသည်။

မြတ်ဗုဒ္ဓ၏ တရားတော်တိုင်းကို ကြားနာရန်၊ ရှားပါးသော အခွင့်ထူးကို ရရှိခဲ့သော်လည်း ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းထိ အရဟတ္တဖိုလ်သို့ မဆိုက်ခဲ့သေးပေ။

ပထမသင်္ဂါယနာ တင်မည့်နေ့မှာ ဣရိယပုတ် လေးပါးမှလွတ်ပြီး အာသဝေါကုန်တဲ့ ရဟန္တာဖြစ်လာပါသည်။

အရှင်အာနန္ဒာ မထေရ်သည် သက်တော် ၁၂၀ ထိရှည်တော်မူကြောင်း သိရပါသည်။

Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၃၄)မြတ်ဗုဒ္ဓ မိန့်ကြားတော်မူခဲ့သော